ကာဣနနှင့်သူ၏ ပူဇော်သက္ကာကို ပမာဏပြုတော်မမူ။ ထို့ကြောင့် ကာဣနသည် အလွန်စိတ်ဆိုး၍ မျက်နှာပျက်လေ၏။ (ကမ္ဘာ ၄း၅)
ဘုရားသခင်သည် မည်သည့်အတွက်ကြောင့် အာဗေလပူဇော်သောယဇ်ကို လက်ခံကာ၊ ကာဣနပူဇော်သောယဇ်ကို လက်မခံခဲ့သနည်း။ ဟေဗြဲသြ၀ါဒစာ ၁၁း၎ တွင် “အာဗေလသည် ကာဣနပူဇော်သောယဇ်ထက် သာ၍မြတ်သောယဇ်ကို ယုံကြည်ခြင်း အားဖြင့် ဘုရားသခင်အား ပူဇော်၏။ ထိုသို့သော ယဇ်ကို ပူဇော်၍၊ မိမိဖြောင့်မတ်သည်ဟု သက်သေခံတော်မူခြင်းကို ရလေ၏။…” ဟု ဖေါ်ပြပါသည်။ ထိုအခါ အဖြေမှာ ကာဣနသည် ယုံကြည်ခြင်းအားဖြင့် မပူဇော်သောကြောင့် ဘုရားသခင်၏ စိတ်တော်နှင့် မတွေ့ခဲ့ခြင်း ဖြစ်သည်ဟု နားလည်နိုင်သည်။ ကာဣန ယဇ်ပူဇော်ပါသည်။ လုပ်ရပ်ကောင်းပါသည်။ ယုံကြည်သောစိတ်ထားမရှိခဲ့ပါ။ ယုံကြည်ခြင်း မရှိခဲ့ပါ။
ဟေဗြဲ ၁၁း၆ တွင် “ယုံကြည်ခြင်းမရှိလျှင် ဘုရားသခင်၏ စိတ်တော်နှင့်မတွေ့နိုင်။ အကြောင်းမူကား၊ ဘုရားသခင့်အထံတော် သို့ ချဉ်းကပ်သောသူသည် ဘုရားသခင်ရှိတော်မူသည်ကို၎င်း၊ ကိုယ်တော်ကို ရှာသောသူအား အကျိုးပေးတော်မူသည်ကို၎င်း ယုံကြည်ရမည်။” ဟု ဖေါ်ပြပါသည်။ ကာဣနတွင် ထိုသို့သော ယုံကြည်ချက် မရှိဟု ဆိုနိုင်ပါမည်လား။ ကာဣန ဘုရားသခင်ရှိတော်မူ ကြောင်းကို ယုံကြည်ခဲ့ပါသလား။ (ကာဣနသည် ထာဝရဘုရားသခင်နှင့် တိုက်ရိုက်စကားပြောဆိုခဲ့ရသူ ဖြစ်ကြောင်းကို မမေ့စေလိုပါ။) ကိုယ်တော့်ထံမှ အကျိုးရမည်ဟု ကာဣနယုံကြည်ခဲ့ပါသလား။ (သူ့အနေဖြင့် အကျိုးမရသောကြောင့် စိတ်ဆိုးမျက်နှာပျက်ခဲ့သည်။ တနည်းအားဖြင့် အကျိုးတစုံတရာကို မျှော်လင့်ခဲ့သည့် သက်သေဖြစ်သည်။) ကိုယ်တော်ရှိသည်ဟုယုံကာ အကျိုးရမည်ဟု ယူဆချက်ဖြင့် ကိုယ်တော့်ထံချဉ်းကပ်သော်လည်း ကိုယ်တော်ဘုရား၏ စိတ်တော်နှင့် မတွေ့ဖြစ်ခဲ့ရပါလား။ ရောမ ၁၀း၁၇ တွင် “…ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့် ဖြစ်၏။ ကြားနာခြင်းသည်လည်း ဘုရားသခင်၏ စကားတော် အားဖြင့် ဖြစ်၏” ဟု ဖေါ်ပြသည်။ တနည်းအားဖြင့် ဘုရားသခင်၏ စကားတော်အား ကြားသိကာ၊ ထိုအတိုင်းမှန်ပါသည်ဟု စိတ်ချ လက်ခံခြင်းသည် မှန်သော ယုံကြည်ခြင်း ဖြစ်ပါသည်။ ကာဣန ယုံကြည်ခြင်းတွင် မည်သည့်အချက် ချို့ယွင်းနေပါသနည်း။ ကမ္ဘာဦးကျမ်း အခန်းကြီး ၄ ကိုသာ ဖတ်ရှုလျှင် ကာဣန တွင် ယုံကြည်ခြင်းမဲ့ကြောင်း အလွယ်တကူတွေ့ရှိရဖို့ ခက်ပါသည်။ သို့သော် တွေ့နိုင်ပါသည်။ ကာဣနသည် အလွန်စိတ်ဆိုးခဲ့သည် ဆိုသောအချက်မှ နေပြီး ဆင်ခြင်တွေ့နိုင်ပါသည်။ သမ္မာကျမ်းစာတွင် ဖေါ်ပြသော ဘုရားသခင်မှာ “ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းသော အနန္တတန်ခိုးရှင်၊ သစ္စာတော်အရှင်၊ တရားတော်အရှင်၊ အလုံးစုံတို့ကို သိတော်မူသော ဥာဏ်တော်ရှင်၊ အလုံးစုံတို့ကို ပိုင်တော်မူသော သခင်” ဖြစ်ပါသည်။ သူ၏ ပူဇော်သက္ကာကို ပမာဏပြုခြင်း မခံရသောအခါ ကာဣနအနေဖြင့် စိတ်ဆိုးခဲ့ပါသည်။ သူ့အနေဖြင့် ထာဝရဘုရားသခင်အား “အလုံးစုံတို့ကို ပိုင်တော်မူသောသခင်၊ သိတော်မူသော ဥာဏ်တော်ရှင်” အဖြစ် လက်မခံနိုင်ခဲ့ခြင်း၊ “သစ္စာတော်အရှင်၊ တရားတော်အရှင်” အဖြစ် လက်မခံနိုင်ခဲ့ခြင်း များကို တွေ့ရသည်။ အကယ်၍ သူလက်ခံခဲ့ပါက ထာဝရဘုရားသခင်ကို စိတ်ဆိုးမည့်အစား သူ၏ ချို့ယွင်းချက်ကို ပြန်လည်သုံးသပ်ကာ ကိုယ်တော်နှစ်သက်သော ယဇ်ပူဇော်နိုင်ရန် ကြိုးစားခဲ့မည် ဖြစ်သည်။ သို့သော် သူမှားသည်ဟု သူမြင်ခဲ့ပုံမရပါ။ တနည်းအားဖြင့် ထာဝရဘုရားသခင် မတရားဟု သူခံယူခဲ့ခြင်းကို တွေ့နေရသည်။ သူသည် ထာဝရဘုရားသခင်နှင့် စကားပြောဆိုပါသော်လည်း၊ ယဇ်ပူဇော်ပါသော်လည်း သူလက်ခံထားသည့် ထာဝရဘုရားသခင်အပေါ်အမြင်မှာ စစ်မှန်သောထာဝရဘုရားသခင်၏ ဖြစ်တည်မှုနှင့် ကွဲလွဲနေပါသည်။ သူက သူပူဇော်သောယဇ်ကို မည်သို့ပင်ဖြစ်စေ ထာဝရဘုရားသခင်က လက်ခံသင့်သည်ဟု ယူဆခဲ့သည့် သဘောကိုတွေ့ရသည်။ ဘုရားရှိတယ်၊ ၀တ်ပြုရမယ် ဟု သင့်အနေဖြင့် လက်ခံထားခြင်း ဖြစ်နိုင်ပါသည်။ သို့သော် ဘုရားရှိတယ်ဟု ခံယူသော်လည်း နှုတ်ကပတ်တော်မှ ဖေါ်ပြသည့် စစ်မှန်သောထာဝရဘုရားကို လက်မခံလျှင် အကျိုးမဲ့မည် ဖြစ်သည်။ ငါပေးလှူတယ်၊ ငါ အနစ်နာခံတယ်၊ ငါ ကူညီတယ်၊ ငါဆယ်ဖို့တစ်ဖို့ပေးတယ်…ဒါကြောင့် ဘုရားသခင်ငါ့ကို ကောင်းကြီးပေးရမယ် ဟု ခံယူမိလျှင် စစ်မှန်သော ထာဝရဘုရားကို မထီမဲ့မြင်ပြုစော်ကားသည့် သဘောပင်ဖြစ်မည်။ သမ္မာကျမ်းစာအပေါ် အခြေပြုသော ခရစ်ယာန်တို့၏ ယုံကြည်ခြင်းမှာ ဘုရားသခင်သည် စစ်မှန်သော ဖန်ဆင်းသည့်အရှင်၊ လူအပါအ၀င် ရှိရှိသမျှကို ပိုင်သောသခင်၊ မှားယွင်းခြင်းကင်းမဲ့သော ထာဝရသစ္စာတော်ရှင်၊ တရားစီရင်သော မျှတသည့်အရှင် ဖြစ်သော ကြောင့် ကိုးကွယ်ခြင်းကို ခံထိုက်သောအရှင်ဖြစ်ပါသည်။ သူက ကောင်းကြီးပေး/မပေး၊ ကယ်တင်ခြင်း ပေး/မပေး ဆိုသည်မှာ သူ၏ အကြံအစည်တော်သာဖြစ်သည်။ (ထာဝရဘုရားသခင်က ကောင်းကြီးပေးပါသည်၊ ကယ်တင်ခြင်းပေးပါသည်။ သို့သော် ထိုအရာများကြောင့် ကိုးကွယ်ခြင်းကို ခံထိုက်ခြင်းမဟုတ်ပါ။) နှုတ်ကပတ်တော်မှ ဖေါ်ပြသည့်အတိုင်း ထာဝရဘုရားသခင်ရှိတော်မူသည်ဟုယုံကြည်ကာ၊ ကိုယ်တော်ကိုရှာလျှင် အကျိုးရမည် (မိမိထင်သည့် ကောင်းကျိုးပုံစံမျိုး ဖြစ်ချင်မှဖြစ်မည်၊ ထာဝရဥာဏ်တော်အရ စစ်မှန်သောအကျိုးဖြစ်သည်) ဟု ယုံကြည်ကာ ထာဝရဘုရားသခင်ထံ ချဉ်းကပ်အသက်ရှင်နိုင်ကြပါစေ။ အာမင်။

No comments :
Post a Comment