Thursday, December 15, 2011

“ဧ၀ံဂေလိတရားကို ယုံကြည်ကြလော့”

ရှင်မာကုခရစ်ဝင်ကျမ်း ၁း၁၄-၁၅ . . . ယေရှုသည် ဂါလိလဲပြည်သို့ ကြွတော်မူလျှင်၊- အချိန်ပြည့်စုံပြီ၊ ဘုရားသခင်၏နိုင်ငံတော်သည် တည်လုနီးပြီ၊ နောင်တရကြလော့။ ဧ၀ံဂေလိတရားကို ယုံကြည်ကြလော့ ဟူသော ဘုရားသခင်၏နိုင်ငံတော်နှင့်ယှဉ်သော ဧ၀ံဂေလိတရားကို ဟောတော်မူ၏။ “ဧ၀ံဂေလိတရားကို ယုံကြည်ကြလော့. . .” အချိန်မှာ ဗတ္တိဇံဆရာယောဟန် ထောင်ထဲသို့ရောက်ပြီး၊ သခင်ယေရှု အမှုတော်ဆောင်လုပ်ငန်း စသည့် အချိန်ဖြစ်သည်။ နေရာမှာ ဂါလိလဲပြည်တွင် ဖြစ်သည်။ သခင်ယေရှုသည် အမှုတော်ဆောင် လုပ်ငန်းစသည်နှင့် နိုင်ငံတော်နှင့်သက်ဆိုင်သော
ဧ၀ံဂေလိတရားကို ဟောကာ၊ နောင်တရဖို့ရန်နှင့် ဧ၀ံဂေလိတရားအား ယုံကြည်ဖို့ရန် တိုက်တွန်းနှိုးဆော်ခဲ့သည်။ အထူးဆင်ခြင်စေလိုသည့်အရာမှာ ဧ၀ံဂေလိတရားဆိုသည်မှာ မည်သည့်တရားနည်း။ သခင်ယေရှုက သူ၏တရားနာ ပရိတ်သက်များအား ယုံကြည်စေချင်သည့် ဧ၀ံဂေလိတရားသည် မည်သို့သောတရားနည်း။ မြန်မာလူမျိုးတစ်ယောက်အနေဖြင့် “ဧ၀ံဂေလိ” ဆိုသည့် စကားသည်ပင် အစိမ်းသက်သက်ဖြစ်သည်။ မထူးဆန်းပါ။ အဘယ့်ကြောင့်ဆိုသော် “ဧ၀ံဂေလိ” ဆိုသည်မှာ အသံဖလှယ်ထားသော ဂရိစကားဖြစ်နေသောကြောင့်ပင် ဖြစ်သည်။ ဂရိလို “ယူဝမ်ဂျလီယွန်”ဟု အသံထွက်သည့် စကားလုံးအား မြန်မာလို “ဧ၀ံဂေလိ” ဟု အသံဖလှယ်ယူထားခြင်းဖြစ်သည်။ အင်္ဂလိပ်လို Gospel (good+spell= ကောင်းသောစကား/အသံ) ဖြစ်သည်။ “ဧ၀ံဂေလိ”ဆိုသည့် စကားကို မြန်မာလို တိုက်ရိုက်ဘာသာပြန်ရလျှင် “သတင်းကောင်း” ဟူပြီး ဖြစ်မည်။ ထိုအခါ မေးစရာဖြစ်လာသည်မှာ သခင်ယေရှုက တရားနာပရိတ်သက်အား မည်သည့် “သတင်းကောင်း” ကို ယုံကြည်စေချင်သနည်း။ ခရစ်ယာန်အသိုင်းအ၀ိုင်း၊ ကျမ်းစာသိသူအသိုင်းအ၀ိုင်းတွင် “ဧ၀ံဂေလိတရားဆိုသည်မှာ မည်သို့သောတရားနည်း” ဟု မေးလျှင် “သခင်ယေရှုခရစ်တော် လူ့ဇာတိခံယူကာ၊ ဖြောင့်မက်စွာအသက်ရှင်ပြီး၊ အပြစ်သားများကိုယ်စား အပြစ်ကြွေး ပေးဆပ်ရန် လက်ဝါးကားတိုင်၌ အသေခံခဲ့သည်။ သုံးရက်မြောက်နေ့တွင် သေခြင်းမာန်ကို အောင်မြင်ကာ ပြန်လည်အသက်ရှင်ထမြောက်ခဲ့သည်။ ထိုသို့ သခင်ယေရှုက ကျွန်တော်/မ အတွက် မွေးဖွားခြင်းခံ၊ နေထိုင် ရှင်သန်ခဲ့ပြီး၊ ကားတိုင်၌ ကိုယ်စားအသေခံ၍၊ သုံးရက်မြောက်သောနေ့တွင် ရှင်ပြန်ထမြောက်ခဲ့ခြင်းကို ယုံကြည်လက်ခံလျှင် ထာဝရအသက်ရမည်။” ထိုသတင်းသည် “သတင်းကောင်း” ဖြစ်သည်။ “ဧ၀ံဂေလိ”ဖြစ်သည်ဟု ဖြေကြမည်ဖြစ်သည်။ တစ်ချို့က အလွယ်တကူ “သခင်ယေရှုခရစ်တော်သည် အပြစ်မှ ကယ်တင်သောအရှင် ဖြစ်သည်” ဆိုသည့် သတင်းသည် “ဧ၀ံဂေလိတရား” ဖြစ်သည် ဟု ဆိုမည်။ ထိုအဖြေ မှန်ပါသည်။ သို့သော် မစုံလင်ပါဟု ပြောချင်သည်။ စဉ်းစားကြည့်ရန်မှာ သခင်ယေရှုက “ဧ၀ံဂေလိတရားကို ယုံကြည်ကြလော့” ဟု ဟောပြောသည့်အချိန်၌ လက်ဝါးကားတိုင်ထက်တွင် အသေမခံရသေးပါ။ သုံးရက်မြောက်နေ့တွင်လည်း ရှင်ပြန်ထမြောက်ခြင်း မရှိသေးပါ။ တနည်းအားဖြင့် ကျွန်တော်/မ တို့အပြစ်ကိုယ်စား အသေမခံရသေးပါ။ ကျွန်တော်/မ တို့ ဖြောင့်မတ်စေဖို့ရန် ရှင်ပြန်ထမြောက်မှုမရှိသေးပါ။ ထိုသို့သောအချိန်မှ စ ကာ သခင်ယေရှုသည် သူ၏ တရားနာပရိတ်သက်အား “ဧ၀ံဂေလိတရားကို ယုံကြည် ကြလော့” ဟု မိန့်မှာခဲ့ပါသည်။ ရှင်းလင်းစွာ နားလည်နိုင်သည့် တစ်ခုမှာ သူ၏အသေခံခြင်း၊ ရှင်ပြန်ထမြောက်ခြင်းအား ယုံကြည်ခိုင်းခြင်း မဟုတ်ကြောင်း ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ထိုအချိန်က သူသည် လက်ဝါးကားတိုင်ထက်သို့ မတက်ရသေးပါ။ ထိုသို့ဆိုသောအခါ အချို့သော ကျမ်းတတ်ပုဂ္ဂိုလ်များက “သခင်ယေရှု ထိုသို့မပြောခဲ့ပါ” ဟု ဆင်ခြေကန်ကြသည်။ ရှင်မာကုက သူပြောချင်သော စကားကို သခင်ယေရှု ပြောသလိုလို လုပ်ရေးထားခြင်းသာ ဖြစ်သည်ဟု ဝေဖန်ကြသည်။ လေကန်ကြသည်။ သူတို့ပြောသကဲ့သို့သာ လိုက်ယုံရလျှင် ကျမ်းစာအုပ်သည် လွှတ်ပစ်ရမည့် အနေအထား ရောက်သွားနိုင်သည်။ သမ္မာကျမ်းစာသည် အလိမ်အညာမှတ်တမ်းတင်မှုကင်းမဲ့သည်ဟု ကျွန်တော်အနေဖြင့် လုံလုံးယုံကြည်စိတ်ချမှုရှိပါသည်။ ထိုသို့ယုံကြည်ခြင်းကြောင့် ထာဝရအသက်နှင့်စပ်လျှင်း၍လည်း စိတ်ချနိုင်ခြင်းဖြစ်သည်။ ပြောလိုသည်မှာ သခင်ယေရှု အမှန်တကယ်ပင် သူ၏တရားနာ ပရိတ်သက်အား “ဧ၀ံဂေလိတရား ကို ယုံကြည်ကြလော့” ဟု တိုက်တွန်းနှိုးဆော်ခဲ့သည်။ ထိုအခါ ဆက်လက် ဆင်ခြင်ရမည်မှာ “အသေခံခြင်း၊ ရှင်ပြန်ထမြောက်ခြင်းအကြောင်း မဟုတ်လျှင် ဧ၀ံဂေလိတရား ဆိုသည်မှာ (သတင်းကောင်း ဆိုသည်မှာ) မည်သည့်တရားနည်း (မည်သည့်သတင်းနည်း)။ သခင်ယေရှု ထိုသို့ဟောပြောခဲ့သည့် အချိန်က လူများ မည်သို့နားလည်ခဲ့သနည်း။ သခင်ယေရှု၏ တရားနာ ပရိတ်သက် မည်သို့နားလည်ခဲ့သနည်း။ သခင်ယေရှု၏ တရားနာပရိတ်သက်များမှာ ယုဒလူမျိုးများ (ဂျူးလူမျိုးများ) ဖြစ်ကြသည်။ သူတို့ သတင်းကောင်း (သို့) ဧ၀ံဂေလိတရား ဆိုသည်ကို မည်သို့နားလည်ခဲ့ကြသနည်း။ ဟေရှာယ ၅၂း၇ — ငြိမ်သက်ခြင်း၏ ၀မ်းမြောက်စရာသတင်းကို ကြားပြောသောသူ ကယ်တင်ခြင်းကောင်းကျိုးချမ်းသာ၏ ၀မ်းမြောက်စရာသတင်းကို ကြားပြောသောသူ သင်၏ဘုရားသခင် စိုးစံတော်မူ၏ ဟု ဇိအုန်မြို့အား ပြောသောသူ၏ ခြေတို့သည် တောင်ပေါ်မှာ အလွန် တင့်တယ်လှစွတကား။ ပရောဖက် ဟေရှာယသည် ယုဒလူမျိုးများ (ဘုရားသခင်၏လူမျိုးတော်) အတွက် ပရောဖက်ပြုချက်ထားရှိခဲ့သည်။ ဘုရားသခင်ရွေးကောက်တော်မူသော လူမျိုးတော်သည် ကျွန်ဘ၀ရောက်မည်။ သို့သော်လည်း တစ်နေ့တွင် သတင်းကောင်း (ငြိမ်သက်ခြင်း သတင်း၊ ၀မ်းမြောက်စရာသတင်း၊ ကယ်တင်ခြင်းကောင်းကျိုးချမ်းသာသတင်း) သယ်ဆောင်သူ ရောက်လာမည်။ ထိုသူက သတင်းကိုကြားပြောမည်။ ထိုသတင်းမှာ “ဘုရားသခင် စိုးစံတော်မူ၏” ဟု ဖြစ်သည်။ သခင်ယေရှု ဟောပြောသည့် အချိန်တွင် ယုဒလူမျိုးတို့သည် ရောမလူမျိုးများ၏ လက်အောက်ခံဖြစ်နေသည်။ သူတို့ကို စိုးစံလျက်ရှိသော ဘုရင်မှာ ရောမကဲသာဘုရင်များ ဖြစ်သည်။ မိမိအားရွေးကောက်သောဘုရား၊ မိမိအား သားအဖြစ် အမွေစားအမွေခံ သိမ်းယူထားသော ဖခင်ဖြစ်သူသည် စိုးစံအုပ်ချုပ်တော်မူသော ဘုရင်ဖြစ်ကြောင်း သတင်းစကားသည် ယုဒ လူမျိုးများအတွက် ၀မ်းသာစရာသတင်းကောင်း ဖြစ်သည်။ သို့သော် တပါးအမျိုးသား (ရောမလူမျိုး၊ ကချင်၊ ကယား၊ ကရင်၊ ချင်း . . .) အားလုံးအတွက်တော့ ၀မ်းသာစရာ သိပ်မဟုတ်ပါ။ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်သည် အပြစ်သားကို စီရင်မည့် တရားသူကြီးဖြစ်သောကြောင့်ပင် ဖြစ်သည်။ သားဖြစ်သူများအတွက် ဖခင်ဖြစ်သူ၏ စိုးစံအုပ်ချုပ်မှုမှာ ၀မ်းသာစရာကောင်းသော်လည်း အခြားသူများအတွက် စိုးရိမ်စရာ သတင်းဆိုးဖြစ်သည်။ (ထိုအရာကို နောက်မှ ဆက်လက်ဆင်ခြင်ပါမည်။) လက်တလော သခင်ယေရှု ယုံကြည်စေချင်သည့် ဧ၀ံဂေလိတရားမှာ “ဘုရားသခင် စိုးစံတော်မူသည်” ဆိုသည့် သတင်းစကားဖြစ်သည်။ သခင်ယေရှုသည် သူ၏ အမှုတော်လုပ်ငန်းစသည်နှင့် “ဘုရားသခင်သာလျှင် ဘုရင်ဖြစ်တော် မူကြောင်း၊ ဘုရားသခင်သာလျှင် အုပ်ချုပ်မင်းလုပ်လျက်” ရှိကြောင်းကို ယုံကြည်ကြဖို့တိုက်တွန်းခဲ့သည်။ ယနေ့ ဘုရားသခင်ရွေးချယ်တော်မူသော လူမျိုး၊ စစ်မှန်သော အမွေခံ လူမျိုးစုမှာ သခင်ယေရှုခရစ်တော်အား မိမိ၏ ကယ်တင်ပိုင်ရှင်သခင်ဘုရား အဖြစ် ယုံကြည်သောသူများ ဖြစ်သည်။ လူမျိုးတော်ဖြစ်သော သခင်ယေရှုခရစ်၌ ရှိသော သူများအား မေးလိုသည်မှာ သင် အမှန်တကယ်ပင် “ဘုရားသခင်စိုးစံတော်မူသည်” ဆိုခြင်း ကို ယုံကြည်ပါသလား။ တနည်းအားဖြင့် ဘုရားသခင်သည် သင့်အသက်တာ၏ ဘုရင်ဖြစ်သည်ကို သင်ယုံကြည်ပါသလား။ သခင်ယေရှုက သင့်အား ထိုသို့ယုံကြည်စေချင်သည်။ ခရစ်ယာန်ဟု မိမိကို မိမိခေါ်သောသူများတို့သည် “ထိုသို့ ယုံကြည်ပါသည်” ဟု ပါးစပ်ဖြင့် အလွယ်တကူ ၀န်ခံမည် ဖြစ်သည်။ သင့် အသက်တာ လုပ်ဆောင်မှုများ ဖြင့် ၀န်ခံပါပြီလား။ သင်သည် ပါးစပ်မှ ဘုရားသခင်သည် မိမိ၏ခေါင်းဆောင်၊ မိမိ၏ဘုရင်ဖြစ်သည်ဟု ဆိုကာ မည်သူ၏ (သို့မဟုတ်) မည်သည့်အရာ၏ ဦးဆောင်မှုနောက်လိုက်နေပါသနည်း။ သင်သည် အမှန်တကယ်ပင် ဘုရားသခင်၏ လမ်းပြဦးဆောင်မှုအတိုင်း လျှောက်လှမ်းနေပါသလား။ ` လူ ဆိုသည့် သတ္တ၀ါမှာ အသွေးအသားဆာလောင်မှုနောက်သို့သာ လိုက်တတ်ကြသည်။ သင့် အသက်တာ၏ ဘုရင်မှာ သင့်အသွေးအသားဆာလောင်မှုဖြစ်ပါသလား။ သင့် အလိုဆန္ဒသည် သင့် ကို ဦးဆောင်ပါသလား။ ဘုရားသခင်စိုးစံတော်မူသည် ဟု ယုံကြည်လျှင် (သို့မဟုတ်) ဧ၀ံဂေလိတရားတော် ကို စိတ်ရောကိုယ်ပါ ယုံကြည်လျှင် သင်သည် ဘုရားသခင် လမ်းညွှန်တော်မူသည့်အတိုင်း သွားလာနေထိုင်မည်ဖြစ်သည်။ သင် ယုံကြည်ပါ သလား။ စိတ်ရော ကိုယ်ပါ ယုံကြည်ပါသလား။ သခင်ယေရှုက သင့်အား စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းရှိသမျှဖြင့် ထိုသို့ယုံကြည်စေချင်ပါသည်။ ယနေ့ ခရစ်ယာန်များ၏အသက်တာတွင် ပါးစပ်ဖျားယုံကြည်မှု ဖောင်းပွနေပါသည်။ ဧမာနွေလ (ငါတို့နှင့်အတူ ရှိတော်မူသောဘုရား) ကို ယုံကြည်ပါသည် ဆိုကာ၊ လူမမြင်လျှင် ဘာမဆိုလုပ်ရဲကြသည်။ သင်နှင့်အတူ ယခုပင် ဘုရားသခင် ရှိတော်မူကြောင်း အမှန်တကယ်ယုံကြည်ပါသလား။ ထိုမေးခွန်းအား မိမိကိုယ်ကို မေးကြည့်စေချင်သည်။ “ငါနှင့်အတူ ဘုရားသခင်ရှိသည်ကို ငါယုံကြည်ပါသလား”။ မည်သူ့ကိုမျှ အဖြေပေးစရာမလိုပါ။ မိမိကိုယ်ကို အဖြေပေးကြည့်ပါ။ မိတ်ဆွေအား ဆင်ခြင်စေလိုသည်မှာ… “ငါ့အသက်တာ၏ဦးဆောင်သူ၊ အုပ်ချုပ်သူ၊ ရှင်ဘုရင်သည် ဘုရားသခင်ဖြစ်သည်ဟု ငါ ယုံကြည်ပါသလား” (တနည်းအားဖြင့် ငါသည် ဧ၀ံဂေလိတရားကို စစ်မှန်စွာ ယုံကြည်သူလား) “ငါနှင့်အတူ ဘုရားသခင်ရှိတော်မူသည်ဟု ငါယုံကြည်ပါသလား” . . . မိမိကိုယ်မိမိ အဖြေပေးကြည့်ပါ။ ဘုရားသခင် သည် သင်နှင့်အတူရှိသောကြောင့် ထိုအဖြေကို ကြားပါသည်။ ငါ့ကို ခွန်အားနှင့်ပြည့်စုံစေတော်မူသော ခရစ်တော်အားဖြင့် ခပ်သိမ်းသောအရာကို ငါတတ်စွမ်းနိုင်၏။ အာမင်

No comments :

Post a Comment